လာလည်ကြသူ မိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Wednesday, September 4, 2013

လိပ်ခေါင်းရောဂါနဲ့ ဘ၀နေထိုင်စားသောက်မှု ပုံစံ

(မေး) လိပ်ခေါင်းဘာကြောင့် ဖြစ်ရပါသလဲဆရာ။
(ဖြေ) လိပ်ခေါင်းဖြစ်ရတဲ့ အဓိကအချက်က သွေးပြန်ကြောဖိအား (Pressure) များတာကြောင့်ပါ။ သွေးပြန်ကြော ဖိအားများရတာကလည်း သွေးပြန်ကြောရဲ့ တနေရာမှာ သွေးစီးဆင်းမှု ပိတ်ဆို့တာကြောင့် ဖြစ်ပါတယ်။ စအိုနဲ့ အစာဟောင်းအိမ်က ကြွက်သားတွေက ဖိအား (Tension) များတာကြောင့် အတင်းဖိပြီး ညှစ်ရလို့ပါ။

သီအိုရီအရပြောရရင် နဂိုသွေးပြန်ကြောတွေရဲ့ နံရံပါးတာကြောင့် သွေးပြန်ကြော ဖောင်းလွယ်တဲ့ သူတွေမှာလည်း အဖြစ်များပါတယ်။ အရက်သောက်တာများလို့ဖြစ်တဲ့ အသည်းခြောက်ရောဂါသည် (Cirrhosis of Liver) တွေမှာလည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။
*********************************************************************

(မေး) လိပ်ခေါင်းက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲဆရာ။
(ဖြေ) လိပ်ခေါင်းက ၀မ်းချုပ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ ၀မ်းမာမာသွားတဲ့သူတွေဟာ အူရဲ့ကြွက်သားတွေကို အတင်းညှစ်ရတာကြောင့်  ဖြစ်တတ်ပါတယ်။ အားကစားလှုပ်ရှားမှု နည်းတဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားတာ နည်းပြီး အပူအစပ်နဲ့ အသားစားတာများတဲ့သူတွေ၊ အရက်သောက်ပြီး အစာမှန်မှန် မစားတဲ့သူတွေနဲ့ ၀မ်းသွားတဲ့ အလေ့အထမမှန်တဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေ လိပ်ခေါင်းဖြစ်တတ် တာက ၀မ်းချုပ်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်သူတွေလည်း ယာယီလိပ်ခေါင်း ဖြစ်တတ်ပေမယ့် ကလေးမွေးပြီးတဲ့အခါ ပြန်ကောင်းသွားလေ့ရှိပါတယ်။ 

ရှားရှားပါးပါး အူမကြီးကင်ဆာရောဂါဟာလည်း လိပ်ခေါင်းနဲ့ တွဲဖြစ်တတ်ပါတယ်။ စအိုကွဲတဲ့ Anal Fissure ရောဂါဖြစ်ရင် ၀မ်းသွားရမှာကြောက်ပြီး မညှစ်တော့ ၀မ်းပိုချုပ်ပြီး နောက်ဆက်တွဲအနေနဲ့ လိပ်ခေါင်းဆက်ဖြစ်နိုင်ပါတယ်။ ပြီးတော့ နဂိုကတည်းက သွေးပြန်ကြောနံရံပါးတဲ့သူတွေလည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။
*********************************************************************
(မေး) လိပ်ခေါင်းက ဘယ်အသက်အရွယ်မှာ အဖြစ်များပါသလဲဆရာ။
(ဖြေ) ပျမ်းမျှအားဖြင့် သက်လတ်ပိုင်းအရွယ်တွေမှာ အဖြစ်များတာကို တွေ့ရတယ်။ အသက် ၃၀-ကျော်တဲ့သူတွေမှာ အဖြစ်များပါတယ်။ 
********************************************************************
(မေး) လိပ်ခေါင်းက မျိုးရိုးလိုက်တတ်ပါသလားဆရာ။
(ဖြေ) သာမန်အားဖြင့်တော့ မျိုးရိုးမလိုက်တတ်ပါဘူး။ ဒါပေမဲ့ သွေးပြန်ကြောနံရံပါးတတ်တဲ့ သူတွေကတော့ မျိုးရိုးရှိနိုင်ပါတယ်။ သေချာတဲ့ တွေ့ရှိချက်ကတော့ မရှိသေးပါဘူး။
********************************************************************
(မေး) လိပ်ခေါင်းကို ရောဂါရှာဖွေဖို့က အရေးကြီးပါသလားဆရာ။
(ဖြေ) လိပ်ခေါင်းကို ရောဂါရှာတဲ့အပိုင်းက အရေးကြီးပါတယ်။ လိပ်ခေါင်းက ၀မ်းကိုက်တာနဲ့ မှားတတ် သလို အစာဟောင်းအိမ်ကင်ဆာ၊ အူမကြီးကင်ဆာတွေနဲ့လည်း မှားတတ်ပါတယ်။ ဒါကြောင့် လိပ်ခေါင်းလို့သေချာအောင် စအိုကို မှန်ပြောင်းနဲ့ကြည့်တဲ့နည်း Protoscopy ကို သုံးပါတယ်။ အသက် ၄၀-ကျော်ပြီး အသက်ကြီးတဲ့သူတွေမှာ ကင်ဆာလို့ သံသယရှိရင် Protoscopy ကို မဖြစ်မနေ လုပ်ပါတယ်။

လိပ်ခေါင်းဆိုရင် နာရီတလုံးလို သဘောထားပြီး ကြည့်ရင် ၃၊ ၇၊ ၁၁ နာရီနေရာမှာ သွေးကြောဖောင်း နေတာကို တွေ့မြင်နိုင်ပါတယ်။ အကျိတ် ရှိ-မရှိ စအိုကို လက်နဲ့စမ်းတဲ့နည်း (Digital Rectal Examination) ကိုလည်း သုံးပါတယ်။ 
လိပ်ခေါင်းလို့ထင်ပြီး ကုနေချိန်မှာ ကင်ဆာဖြစ်နေရင် ကင်ဆာအတွက် ကုသဖို့ နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ရောဂါကို သေချာအောင် စမ်းသပ်ရှာဖွေဖို့ အရေးကြီးပါတယ်။
********************************************************************
(မေး) လိပ်ခေါင်းခွဲစိတ်ကုတာက စိုးရိမ်ရပါသလားဆရာ။
(ဖြေ) လိပ်ခေါင်းခွဲစိတ်တာက Major  ခွဲစိတ်မှုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွမ်းကျင်မှုလိုအပ်သလို သတိထားရမှာတွေ ရှိပါတယ်။ အဓိက သတိထားရမယ့်အချက်တွေအနေနဲ့ လူနာက အသည်းကောင်းဖို့ လိုပါတယ်။ အသည်းခြောက်လို့ လိပ်ခေါင်းဖြစ်ရင် ခွဲစိတ်လေ့မရှိပါဘူး။ ခွဲစိတ်ရင် သွေးမတိတ်တတ် တာကြောင့်ပါ။ ဒါကြောင့် မခွဲခင် PT (Prothrombin Time) စစ်ဆေးကြည့်ရပါတယ်။

ပြီးတော့သွေးကျဆေးသောက်ထားရင် တပတ်၊ နှစ်ပတ် စောင့်တာလိုမျိုး လုပ်ရတယ်။ ခွဲစိတ်တဲ့အခါ မှာလည်း ကြိုတင်ပြင်ဆင်ထားရပါတယ်။
အရမ်းကြီးတဲ့ လိပ်ခေါင်းဆိုရင်လည်း သွေးထွက်တတ်လို့ သွေးသွင်းဖို့ ပြင်ဆင်ထားရပါတယ်။
********************************************************************
(မေး) လိပ်ခေါင်းနဲ့ ပတ်သက်ပြီး အများပြည်သူကို တခြားဘာပြောလိုပါသလဲဆရာ။
(ဖြေ) လိပ်ခေါင်းမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ၀မ်းမှန်မှန်သွားအောင် ဂရုစိုက်တာ၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများစားတာ၊ အရက်ရှောင်တာ၊ အပူအစပ် လျှော့စားတာ၊ ကိုယ်လက်လှုပ်ရှားတာ စတဲ့ ကျန်းမာရေး ကောင်းစေတဲ့ ဘ၀နေထိုင်မှု ပုံစံအတိုင်း နေသင့်ပါတယ်။
လိပ်ခေါင်းဖြစ်လာရင်လည်း ရောဂါကို ရင့်အောင်မထားဘဲ ဆေးကုသမှု ခံယူဖို့ မှာချင်ပါတယ်။

ပါမောက္ခ ဦးအေးမွန် (ခွဲစိတ်အထူးကု ဆရာဝန်ကြီး)

0 comments:

Post a Comment